Search Traffic Vs. Social Traffic
ခုနောက်ပိုင်း Search Traffic တွေနဲ့အတူ အရေးပါလာတာကတော့ Social Traffic ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေအထား အနေနဲ့ကတော့ Search Traffic ထက် Social Traffic ကိုသာ အဓိကထားနေကြတာ များပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကလဲ Google မှာ မရှာတတ်ပေမယ့် Facebook တော့ သုံးတတ်တယ်ဆိုတဲ့ အနေအထား တွေကြောင့်လဲ ပါပါတယ်။ ရှာဖွေတတ်တဲ့ အလေ့အထ နည်းတဲ့သဘောကလဲ Search Traffic ထက် Social Traffic ကို ပိုအားကိုးရတဲ့ အနေအထားကို ရောက်သွားစေပါတယ်။
Social Traffic ဆိုတာ Facebook၊ Twitter၊ Google+ စတဲ့ Social Network တွေကနေ တစ်ဆင့် ရောက်လာတဲ့ traffic တွေကို ဆိုလိုပါတယ်။ အဲဒီလို Social Traffic တွေက တစ်ဆင့် လူဝင်များအောင် လုပ်မယ် လူကြည့်များအောင် လုပ်မယ်ဆိုရင် အမြဲတမ်း Update ဖြစ်နေအောင် လုပ်ဖို့လိုပါတယ်။ Facebook မှာ Status မတင်တော့ဘူး ဆိုတာနဲ့ Twitter မှာ tweet ရပ်လိုက်တာနဲ့ တစ်ပြိုင်တည်း traffic လည်း ကျသွားတတ်ပါတယ်။ Search Traffic တွေကတော့ အဲဒီလောက်အထိ မြန်မြန်ဆန်ဆန် ကျလေ့ မရှိပါဘူး။
Social Traffic တွေဟာ Search Traffic တွေနဲ့ ယှဉ်ရင် ပိုပြီး ထိန်းသိမ်းရခက်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ပုံမှန်ဝင်တယ်ဆိုတဲ့ အနေအထား တစ်ခုကိုလဲ မျှော်မှန်းလို့ မရနိုင်ပါဘူး။ update မလုပ်နိုင်တော့ဘူးဆိုတာနဲ့ တစ်ပြိုင်တည်း နောက်ဖက်ကို ရောက်ရောက်သွားပြီး မြင်ရမှာ မဟုတ်တော့ပါဘူ။ Search Traffic မှာ Page Rank ကောင်းတယ် ဆိုရင်တော့ အဲဒီလို မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားနိုင်စွမ်း ရှိပါတယ်။
blogging လို့ခေါ်တဲ့ အပိုင်းမှာပဲ အဲဒီလို ပြသနာမျိုးတွေ ရှိနေပါတယ်။ တစ်ခါတစ်ရံမှာ Blogger တွေဟာ pageview slave တွေ ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက အချိန်ပြည့် ငါ့ ဘလော့လေး ဘယ်နှစ်ယောက် ဝင်ဖတ်လဲဆိုပြီး အမြဲကြည့်ကြည့်နေတယ်။ တိုးလာရင်ပျော်ပြီး လျော့သွားရင် စိတ်မကောင်းဖြစ် အဲဒီလို အချိန်ပြည့် pageview ကို ထိုင်ကြည့်ပြီး ကျေးကျွန် ဖြစ်နေတဲ့ သဘောပါ။ တစ်နေ့ကို ဘလော့ ပို့စ် အနေနဲ့ လေးခုလောက် ရေးလေ့ရှိတဲ့အချိန်မှာ တစ်ရက်လောက် ပျက်ကွက်လိုက်တာနဲ့ traffic လဲ ကျသွားပါတယ်။
အဲဒီလို ကျသွားတဲ့အတွက် အသည်းအသန် ပို့စ်တွေတင်၊ တင်ရင်းတင်ရင်း ရေးစရာကုန်ပြီး ဆိုးသထက် ဆိုးလာပါတယ်။ နောက်ဆုံး မတတ်နိုင်တော့တဲ့ အနေအထားကို ရောက်လာပြီး လူစိတ်ဝင်စားနိုင်မယ့် အင်တာနက်က အကြောင်းအရာတွေကို ဟိုက ကူးထည့်၊ ဒီက ကူးထည့် လုပ်လာပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာတဲ့ အနေအထားဟာ ရေတိုအတွက်တော့ လူဝင်များ အဆင်ပြေနိုင်ပေမယ့် ရေရှည်အတွက် ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် သင့်အနေနဲ့ အွန်လိုင်းက တစ်ဆင့် ပိုက်ဆံ ရှာနေတယ်ဆိုရင်တော့ Social Traffic တွေက သိပ်ပြီးတော့ အလုပ်ဖြစ်တဲ့ အနေအထားမှာ မရှိပါဘူး။ Social Bookmarking Platform တွေဖြစ်တဲ့ Digg တို့ StumbleUpon တို့ကလဲ စာဖတ်သူတွေ အများကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိတာ မှန်ပေမယ့် ကိုယ့် Website မှာ တစ်ခုခု ရောင်းနေတာကို ဝယ်သူတွေလာဖို့ ဆွဲဆောင်တဲ့နေရာမှာတော့ သိပ် အဆင်မပြေလှပါဘူး။ Social Site တွေကို လူတွေ သုံးကြတယ်ဆိုတာ အများအားဖြင့် အပန်းဖြေတဲ့ သဘော၊ သတင်းသိလိုတဲ့ သဘောသုံးကြတာများပါတယ်။ ဥပမာ တစ်ခု အနေနဲ့ ငါးမျှားတံ တစ်ချောင်း အကြောင်းကို Social Network မှာ ဝေမျှမယ်ဆိုရင် ဗဟုသုတ အလို့ငှာ ဖတ်ကောင်း ဖတ်ကြပေမယ့် တကယ်တန်း ငါးမျှားတံကို ဝယ်မယ်ဆိုရင် Search Engine တွေမှာ ရှာပြီး ဝယ်လေ့ရှိပါတယ်။
အဲဒီတော့ သင့်အနေနဲ့ သင့် Website ကို Social Traffic ကနေ တစ်ဆင့် ဝင်လာတဲ့သူတွေနဲ့ Search Traffic ကနေ ဝင်လာမယ့် သူတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Search Traffic က လာတဲ့သူတွေကသာ တကယ်တန်း ကိုယ့်ကို ငွေပေးမယ့်သူတွေ ဖြစ်နေတတ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဆက်ပါဦးမယ် …
No comments:
Post a Comment