ကွန်ပျူတာဆိုတာ လက်နှိပ်စက်နဲ့ တီဗွီတွဲထားတာပါကွာ။ သင်မနေပါနဲ့။ ကွန်ပျူတာ သင်ရင် လက်နှိပ်စာရေးလောက် ဖြစ်လာမှာကို ဘာဖြစ်လို့ သွားသင်နေတာလဲ
လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ခန့်က လူကြီးမိဘများ၏ ကွန်ပျူတာ သင်သည့် သားသမီးများအပေါ် ပြောသည့် စကားဖြစ်သည်။ ထိုအချိန်က ကွန်ပျူတာဆိုလျှင် သေးငယ်သော မိုနိုခရုန်းဟု ခေါ်သည့် အဖြူအမဲ တီဗွီ၊ ပုံးတစ်ပုံး၊ ကီးဘုတ် တစ်ခုနှင့် တွဲထားသော လျှပ်စစ်ပစ္စည်း အဆင့်သာ။ စီးပွားရေး လုပ်ငန်းများတွင် ကွန်ပျူတာကို အသုံးချရကောင်းမှန်း မသိကြသေး။ ကွန်ပျူတာ သင်တန်းများနှင့် ကွန်ပျူတာ တက္ကသိုလ်တွင်သာ သုံးနိုင်သော စမ်းသပ်နိုင်သော အခြေအနေတွင် ရှိနေပေသည်။ ထိုအချိန်က ပုံနှိပ်လုပ်ငန်း တစ်ချို့တွင် ကွန်ပျူတာကို အသုံးပြုသည်ဆိုသည့် လက်တွေ့အသုံးချမှု အနေအထား အနည်းအကျဉ်းသာ ရှိနေပေသည်။
ထိုကဲ့သို့သော စားပွဲပေါ် တင်ထားနိုင်သည့် ကွန်ပျူတာ အဆင့်သို့ ရောက်ရှိနိုင်ရန် နှစ်ပေါင်းများစွာ ကြာအောင် တိုးတက်မှု အဆင့်ဆင့် ပြောင်းလဲ ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က နိုင်ငံတကာတွင် ကွန်ပျူတာ အသုံးချမှု အနေအထားကို လေ့လာကြည့်မည် ဆိုလျှင် အများကြီး ရှေ့ရောက်နေပြီဟု ဆိုနိုင်သည်။ ပုံနှိပ်လုပ်ငန်းများတွင် သာမက ဧည့်စာရင်း ကောက်ယူခြင်း၊ သုတေသန လုပ်ငန်းနှင့် အခြား လုပ်ငန်း ပေါင်းစုံတွင် ပေါင်းစပ် အသုံးချနေခဲ့ပြီ ဖြစ်သည်။ ထိုစဉ်အချိန်ကတည်းက နိုင်ငံခြားတိုင်းပြည်များတွင် အမှန်တကယ် လုပ်ငန်းများတွင် လက်တွေ့ အသုံးချနေသော ကွန်ပျူတာ အမျိုးအစားသည် မြန်မာပြည်တွင် ရှိနေခဲ့ပြီး အဓိက ကွာခြားသွားသည့်အချက်မှာ နိုင်ငံခြား တိုင်းပြည်များတွင် ကွန်ပျူတာသည် လက်တွေ့အသုံးချအနေဖြင့် တည်ရှိနေခဲ့ပြီး မြန်မာနိုင်ငံတွင် ပုံနှိပ်လုပ်ငန်းမှအပ လက်တွေ့အသုံးချသည့် အနေအထား မရှိခြင်းပင် ဖြစ်သည်။
ကွန်ပျူတာဆိုတာ အသုံးမချရင် အလကားပဲ
ကွန်ပျူတာနှင့် လက်တွေ့နယ်ပယ် အစပ်အဟပ် ကွာဟရသည့် အကြောင်း အရင်းများ
ကျွန်တော် ကွန်ပျူတာ သမားတစ်ယောက် အနေဖြင့် ၂၀၀၃ ခုနှစ်ခန့်က စတင်ထိတွေ သိကျွမ်းခဲ့ပါသည်။ ထိုစဉ်အချိန်ကတည်းက ကွန်ပျူတာနှင့် လက်တွေ့ အသုံးချ နယ်ပယ် အစပ်အဟပ်ကွာဟမှု အနေအထားသည် ယခုအချိန်ထိ ရှိနေဆဲပင် ဖြစ်သည်။ တစ်ခြားနိုင်ငံများတွင် ကွန်ပျူတာ လက်တွေ့ အသုံးချမှုအပိုင်းအရ နယ်ပယ်စုံကဏ္ဍစုံ ဖြန့်ကျက်နိုင်သည့် အခြေအနေတွင် မြန်မာနိုင်ငံအနေအထားအရ စာစီစာရိုက်အဆင့်က မတက်နိုင်သေး။ တစ်ခြားနိုင်ငံများတွင် ကွန်ပျူတာကို သီးသန့် စားပွဲတင် ကွန်ပျူတာ အဆင့်မှ ကွန်ယက်ဖွဲ့ချိတ်ဆက်ထားသော အင်တာနက် စနစ်သို့ ကူးပြောင်းအသုံးချ နေချိန်တွင် မြန်မာနိုင်ငံ အနေအထားအရ စာစီစာရိုက်၊ အီးမေး(လ်)၊ ချက်တင် အဆင့်မှ မတက်သေး။ ထိုကဲ့သို့ ပြေးတန်းလိုက်တန်း ကစားပွဲကြီးသည် ယခုတိုင် ချိမ့်ချိမ့်သဲသဲ ကျင်းပနေဆဲ၊ မြန်မာနိုင်ငံ၏ အသုံးချကွန်ပျူတာ ကဏ္ဍ အပြေးသမားသည် အမောဖောက်ကောင်းလျှက် ရှိနေဆဲပင် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရသည့် အကြာင်းအရင်းများကို လေ့လာကြည့်မည် ဆိုလျှင်
ကွန်ပျူတာကို အပြသက်သက်သာ အကောင်အထည် ဖော်နေခြင်း
လွန်ခဲ့သော အချိန်ကာလများက စာသင်ကျောင်းများတွင် ကွန်ပျူတာများ ထားရှိပြီး လူကြီးမင်းများက ကွန်ပျူတာ စမ်းသပ်ခန်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း ဟူသည့် သတင်းများ ကြည့်ဖူးကြမည် ထင်သည်။ ကွန်ပျူတာ စမ်းသပ်ခန်းဖွင့်ပွဲပြီးသည်နှင့် ကွန်ပျူတာများကို ပျက်မှာစိုးသည်က တစ်ကြောင်း အခြား အကြောင်းကြောင်းတို့ကြောင့် ကျောင်းသူ/ကျောင်းသား ဆရာ/ဆရာမများ မတို့ရ မထိရ၊ မကိုင်ရနှင့် နောက်ဆုံး သုံးစားမရသော ကွန်ပျူတာများအဖြစ် ကျွန်တော့ ဆရာ၏ ပြောစကားအတိုင်း အလကား ဖြစ်သွားသည့် အခြေအနေများ မရိုးနိုင်အောင် ကြားဖူးကြပေလိမ့်မည်။ ကွန်ပျူတာများကို တင်ဒါဆွဲပြီး ရောင်းချ တင်သွင်းသူများသာ ချမ်းသာသွားပြီး ကွန်ပျူတာများသည် အသုံးချနိုင်သည့် အဆင့်သို့ မရောက်ခဲ့။ ကွန်ပျူတာ အသုံးချခန်းဟု အမည်နာမ ပေးသင့်သော်လဲ ကွန်ပျူတာ စမ်းသပ်ခန်းဟု ဆိုသဖြင့် စမ်းသပ်သည့် အဆင့်ဖြင့်သာ ရပ်တန့်သွားရပေသည်။ လူကြီးမင်းများ အနေနှင့်လဲ အပြကောင်းသော အနေအထားတစ်ခု ဖန်တီးလိုက်နိုင်ပြီး ကွန်ပျူတာ လောက၏ ကယ်တင်ရှင်ကြီး အဖြစ် လူအများ အမြင်တွင် ပွဲလည်တင့်သွားပေသည်။
ထိုကဲ့သို့သော ကွန်ပျူတာ အသုံးချခြင်းထက် ကွန်ပျူတာ အသုံးပြခြင်း ပုံပြင်များသည် စာသင်ကျောင်းများ သာမက အခြား အစိုးရလုပ်ငန်း ပေါင်းစုံတို့တွင် နေရာစုံ နယ်ပယ်စုံ ရှိနေပေသည်။ ကွန်ပျူတာသည် လက်နှိပ်စက်သာသာ ဆိုသည့်အနေအထားထက် ကျက်သရေဆောင် အနေဖြင့် အခန်းတစ်ခုမှာထား ကြွားစရာ အဖြစ် သတ်မှတ်လာကြသည့်က တိုးတက်မှု တစ်ခုဟု ဆိုနိုင်၍ တော်ပေသေးသည်။
တကယ်တန်း ဖြစ်သင့်သည်မှာ ကွန်ပျူတာကို စာသင်ကျောင်းများက အစပြုလျှက် အသုံးချစရာ တစ်ပုံတစ်ပင် ရှိနေသည်။ (ဒီနေရာတွင် ကွန်ပျူတာကို လက်နှိပ်စက် သာသာဟု အနှိမ်ခံရသည့် စာစီစာရိုက် အဆင့်ကို ဖယ်ထားမှ ဖြစ်မည်။ လက်နှိပ်စက် အစားထိုး ကွန်ပျူတာ စာစီစာရိုက် အဆင့်သည် အသုံးချသည့် အဆင့်မှန်သော်လဲ ကွန်ပျူတာ၏ အသုံးချမှု အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် ပါမွှားအဆင့်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ပါမွှားအဆင့်ကို စကားထဲ ထည့်မပြောမှ အဆင်ပြေပေလိမ့်မည်။) ကွန်ပျူတာ အသုံးချပြီး သင်ကြားနိုင်သည့် ပရိုဂရမ်များစွာ ရှိနေသည်။ စဉ်းစားဉာဏ်ကို မြှင့်တင်ရေးတွင် သာမက ဆိုက်ဘာ အသိပညာ မြှင့်တင်ရေးနှင့် အခြား ပညာရေး ကဏ္ဍ ပေါင်းစုံအတွက် အဆင်သင့် ရှိနေပေသည်။
အစိုးရလုပ်ငန်းများတွင်လဲ ယခုအချိန်အထိ ကွန်ပျူတာကို ထိရောက်စွာ အသုံးချနိုင်သည့် အဆင့်ကို မရောက်သေး အပြသက်သက်သာ ရှိသေးသည်ဟု ဆိုရမည် ဖြစ်သည်။ အွန်လိုင်း ဒီဖောင် ကိစ္စ စသည့် ကိစ္စများအတွင် အွန်လိုင်းမှ တစ်ဆင့် သုံးနိုင်ပြီ ဆိုသော်လဲ ကွန်ယက်ဖွဲ့ ချိတ်ဆက် အသုံးချဖို့ မဆိုထားနှင့် တစ်ကိုယ်ရည်သုံးကွန်ပျူတာ အဆင့်တွင်ပင် အသုံးချအဆင့်သို့ မရောက်သေး အသုံးပြအဆင့်သာ ရှိသေးသည်ဟု သုံးသပ်ရပေသည်။
အစိုးရအဆင့် ကွန်ပျူတာ အသုံးချ စီမံကိန်းများ အားနည်းခြင်း
အစိုးရလုပ်ငန်းများတွင် ကွန်ပျူတာ အသုံးချနိင်ရန် ကြိုးပမ်းဆောင်ရွက်မှု များစွာကို တွေ့ဖူး ကြုံဖူးသည်။ သို့သော် ယခုအချိန်အထိ ထိထိရောက်ရောက် အသုံးချနေသော အစိုးရ ရုံးသုံး ကွန်ပျူတာ စနစ် မတွေ့ဖူးသေး။ အစိုးရလုပ်ငန်းများ အပြိုင်အဆိုင် ကွန်ပျူတာ အသုံးချနိုင်ရန် ကြိုးပမ်းမှု မြောက်များစွာကို တွေ့မြင် သိရှိခဲ့ဖူးသော်လဲ အောင်မြင်မှု အတိုင်းတာ မည်မျှရှိသည်။ မည်ကဲ့သို့ အသုံးချနေသည် ဆိုသည့် အချက်အလက်များ မည်သည့်နေရာမှ ရှာမရ။ ရှာမရသည့်အဆုံး လက်တွေ့ အသုံးချနေသည့် ဝန်ထမ်းကို မေးကြည့်မိသည်။ တကယ်တန်း လက်တွေ့တွင် ပုံမှန်လုပ်ရိုးလုပ်စဉ်နှင့်သာ နှစ်ပါးသွားနေရဆဲဟု သိရသည်။ တစ်ချို့ဋ္ဌာနများတွင် ကွန်ပျူတာနှင့် လုပ်သည့်အတွက် အရင်ထက် အချိန်နှစ်ဆ ပိုကြာသွားသည်ဟု သိရသည်။ အကြောင်းအရင်းမှန်ကို လေ့လာကြည့်တော့ ကွန်ပျူတာနှင့် တစ်လှည့် ပုံမှန် သမာရိုးကျနှင့် တစ်လှည့် လုပ်နေရသောကြောင့် ကြာရသည်ဟု ဆိုသည်။ ကွန်ပျူတာ သုံးနေမှတော့ ကွန်ပျူတာနှင့်သာ သုံးပါတော့လားဟု ပြောမိသည့်အခါ ပြန်ပြောသည်က ကွန်ပျူတာ ပျက်သွားလျှင် အချက်အလက်များ ပျက်သွားလျှင် မခက်ပါလားဟု ပြန်ဖြေလေ၏။
အစိုးရလုပ်ငန်းများတွင် ကွန်ပျူတာအသုံးချနိုင်စေရန် စီစဉ်မှုများတွင် အုပ်ချုပ်ရေးပိုင်းအရ အားနည်းချက်များစွာ ရှိနေမည်ဟု သုံးသပ်ရပေသည်။ ကွန်ပျူတာ အသုံးချ ပရိုဂရမ်များ ရေးသားရာတွင် ကုန်ကျစရိတ်၏ ထက်ဝက်ခန့်မှာ လဘ်စားခြင်း၊ စီမံကိန်း၏ အလေ့အလွင့်များ၊ အချိန်ကာလ ကြာမြင့်ခြင်း စသည့် အလေအလွင့်များတွင် ပါသွားနိုင်ပြီး ကျန်တစ်ဝက်ခန့်မှာလဲ အမှန်တကယ် လက်တွေ့ အသုံးမချခြင်းဆိုသည့် နောက်ကွယ်တွင် အနိစ္စ သဘောနှင့် ကိစ္စချောသွားနိုင်ပေသည်။ ကွန်ပျူတာကို လုပ်ငန်းများတွင် လက်တွေ့ အသုံးချနိုင်ရမည်ဟူသော မူသည် မူအရသာ လက်ခံ အကောင်အထည် ဖော်ကြသော်လဲ လက်တွေ့အနေအထားရ ဂွင်တစ်ခု အနေဖြင့်သာ အပြသဘော အနေဖြင့်သာ အကောင်အထည် ဖော်ကြခြင်းကလဲ အစိုးရလုပ်ငန်းများတွင် ကွန်ပျူတာ အသုံးချ စီမံကိန်းများ အားနည်းခြင်းကို ဖြစ်ပေါ် စေသော အကြောင်းအချက် တစ်ခု ဖြစ်ပေသည်။
အစိုးရလုပ်ငန်းများ ကွန်ပျုတာ အသုံးချပရိုဂရမ်များ ရေးသားရာတွင် အများအားဖြင့် ပုဂ္ဂလိက လုပ်ငန်းများကို အပ်နှံရလေ့ရှိသည်။ ထိုသို့ အပ်နှံရာတွင် တစ်ခြားနိုင်ငံများတွင် တင်ဒါပုံစံဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ ခေါ်ယူလုပ်ကိုင်စေလေ့ ရှိသော်လဲ မြန်မာနိုင်ငံ၏ အစိုးရလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု အပိုင်းတွင် အားနည်းချက်များ များစွာရှိကြောင်း တွေ့ရပေသည်။ လုပ်ငန်းကြီးများသာ လက်ဝါးကြီးအုပ် ရရှိလေ့ရှိပြီး လုပ်ငန်းငယ်များအတွက် မတိုးနိုင်သော အနေအထားဟု ဆိုရမည်။ ကွန်ပျူတာဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းများသည်လဲ ထိုကဲ့သို့ အစိုးရ ပရောဂျက်များကို ပုလင်းတူ ဗူးဆို့များသာ ဝေစားမျှစား လုပ်ကြခြင်းကလဲ အသုံးချ စီမံကိန်းများ အားနည်းရခြင်း ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရပေသည်။
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု ပမာဏကို တိုင်းတာရာတွင် ကွန်ပျူတာ အသုံးချနိုင်စွမ်း မည်မျှရှိသနည်း ဆိုသည့် အချက်နှင့် တိုင်းတာခဲ့သည်မှာ လွန်ခဲ့သော အချိန် သတင်းအချက်အလက် နည်းပညာ တတိယလှိုင်းဟု ခေါ်သည့် လှိုင်းလုံးကြီး၏ အစကတည်းက ဖြစ်ချေသည်။ ယနေ့ခေတ်ကာလတွင် ကွန်ပျူတာကို အသုံးချနိုင်စွမ်း ဆိုသည့် အဆင့်ထက် ပိုသော ကွန်ပျူတာကို မည်ရွေ့မည်မျှ ချိတ်ဆက် အသုံးချုနိင်သနည်း ဆိုသည့် ပမာဏနှင့် တိုင်းတာရမည် ဖြစ်သည်။ နိုင်ငံ၏ တိုးတက်မှု အဆင့် အဖြစ့် သတ်မှတ်နိုင်သည့် ကွန်ပျူတာ အသုံးချနိုင်မှု အနေအထားကို သတ်မှတ်ရာတွင် စီမံကိန်း ချမှတ်ရေးဆွဲသူ ပေါ်လစီ မိတ်ကာများ အနေဖြင့် စေတနာ မည်မျှရှိသည်၊ တိုးတက်မှု အတိုင်းအတာကို မည်ရွေ့မည်မျှအထိ ငတ်မွတ်သည်၊ မည်သည့်အတိုင်းအတာ အထိ နားလည်တတ်ကျွမ်းသည် ဆိုသည့် အချက်အပေါ်တွင်လဲ မူတည်နေပေသည်။ ဗူးပေါက်တာ မလိုချင်လဘူး ရေပါတာပဲ လိုချင်တယ်ဟူသော ရေပါတယ်ဆိုရုံ စွမ်းဆောင်နိုင်သူများ၏ လက်ထက်တွင် တိုးတက်မှုထက် အလုပ်ဖြစ်ရုံသက်သက် သွားနေသော ကာလတွင် ကွန်ပျူတာနှင့် လက်တွေ့ အသုံးချနယ်ပယ် အစပ်အဟပ် မိဖို့ရန် မလွယ်ဟု သုံးသပ်ရပေမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ ဒုတိယ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွင် ပြောကြားသွားသည့် ခေတ်နောက်ပြန်ဆွဲသူများကို ချန်ခဲ့ရမည် ဆိုသည့်အတိုင်း အလုပ်ဖြစ်ရေးသမားများကို ချန်လှပ်၊ တိုးတက်ရေး သမားများကို အစားထိုးမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ရပေသည်။
ကွန်ပျူတာဆိုင်ရာ စက်ပစ္စည်း ကိရိယာများ သုံးစွဲနိုင်မှုအပိုင်းတွင် မြင့်တက်လာသော်လဲ၊ အသုံးချ ဆော့(ဖ်)ဝဲများ အပိုင်းတွင် အားနည်းနေခြင်း
ရုံးခန်းတစ်ခန်းတွင် ကွန်ပျူတာ တစ်လုံးရှိသည်။ ထိုကွန်ပျူတာသည် ဝယ်ထားသည်မှာ မကြာသေး။ နောက်ဆုံးပေါ် ပရိုစက်ဆာ၊ အမြင့်ဆုံး မှတ်ဉာဏ်၊ အမြင့်ဆုံး ဂရပ်ဖစ်ကဒ်၊ သိမ်းဆည်းနိုင်မှု ပမာဏအများဆုံး ဟတ်ဒစ်(ခ်) စသည်ဖြင့် နောက်ဆုံးပေါ်မှာ တပ်ဆင်ထားသည်။ ကွန်ပျူတာသည် အအေးကြိုက်သည် ဆိုသဖြင့် အဲယားကွန်းလဲ တပ်ထားသေးသည်။ ဒါက ကွန်ပျူတာ အမာထည်အပိုင်း ကွန်ပျူဝာ အပျော့ထည်အပိုင်း (ဆော့(ဖ်)ဝဲ)ပိုင်းကို ကြည့်မည်ဆိုလျှင် တစ်ခွေငါးရာ တစ်ထောင်ဖြင့် ဝယ်၍ရသဖြင့် စေတနာ ဗလပွဖြင့် ထည့်ပေးလိုက်သော စုစုပေါင်း တန်ဖိုး တွက်ချက်လိုက်လျှင် ဒေါ်လာ သောင်းချီတန်သည့် ဆော့(ဖ်)ဝဲများ ထည့်သွင်းထားပေသည်။ တစ်နေကုန် ထိုင်ကြည့်ပြီး ကွန်ပျူတာ အသုံးချမှုပုံစံကို လေ့လာကြည့်မည်ဆိုလျှင် အများအားဖြင့် အီးမေးလ်ပို့၊ စာရိုက် စသည့် အဆင့်ထက်မပို။ အခြား ရုံးတွင်း အသုံးချ ဆော့(ဖ်)ဝဲဆိုသည့်တို့တွင် excel ဟုခေါ်သည့် စာရင်းဇယား ဆော့(ဖ်)ဝဲကိုပင် ထိရောက်စွာ အသုံးချခြင်းမရှိ။
စက်ပစ္စည်း ကိရိယာများ တပ်ဆင် ဝယ်ယူနိုင်မှုအပိုင်းတွင် ဈေးသက်သာလာသည်နှင့်အညီ ဝယ်ယူ အသုံးပြုနိုင်စွမ်း မြင့်ကြောင်းတွေ့ရပေသည်။ နောက်ဆုံးပေါ်များကို တပ်ဆင်နိုင်စွမ်း ရှိကြပေသည်။ သို့သော် အသုံးချမှုအပိုင်းတွင်တော့ ဟပ်ထိုးဆွဲ နောက်ကျ ကျန်ရစ်ဆဲပင် ရှိသေးသည်ဟု သုံးသပ်ရပေမည်။ ထိုကဲ့သို့ အသုံးချနိုင်စွမ်းမဲ့မှုတွင် အစိုးရ အဖွဲ့အစည်းများ တွင်သာမက ပုဂ္ဂလိက လုပ်ငန်းများ၊ တစ်ကိုယ်ရေ အိမ်သုံး ကွန်ပျူတာများတွင်ပါ အများစု သဘောအရ အားနည်းနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများကို လေ့လာမည်ဆိုလျှင် အင်တာနက် ကွန်ယက်ချိတ်ဆက်မှု ဖြန့်ကျက်နိုင်မှု အသုံးချနိုင်စွမ်း မြင့်မားကြသည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။ ကွန်ပျူတာမှာ တစ်ဆင့် ဈေးဝယ်နိုင်ခြင်း၊ အွန်လိုင်း ငွေပေးငွေယူ စနစ်၊ အွန်လိုင်းမှ မှတ်ပုံတင်နိုင်ခြင်း၊ အွန်လိုင်းမှာ လျှောက်လွှာတင်နိုင်ခြင်း စသည်ဖြင့် ကွန်ပျူတာ အသုံးချကဏ္ဍတွင် ကွန်ပျူတာ မပါရင် ပွဲမစည်ဆိုသော အနေအထားအထိ ချဉ်းကပ်နိုင်နေကြပြီဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မတော့ ကွန်ပျူတာကို ယခုအချိန်အထိ အသုံးချမှု တုန့်နှေးနေဆဲ။ အသုံးချနိုင်စွမ်း မဲ့နေဆဲဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အခြားလိုအပ်သည် လျှက်စစ်မီးပုံမှန် ရရှိမှု၊ မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုနှင့် ဈေးနှုန်း သက်သာသော အင်တာနက်၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြန့်ကျက် ချိတ်ဆက်နိုင်မှု စသည့်အချက်များ အားနည်းခြင်းကလဲ ကွန်ပျူတာ အသုံးချမှု အနေအထားကို ထိခိုက်နေကြောင်း တွေ့ရပေသည်။
ဉာဏထုတ်ကုန်များအပေါ်တွင် တန်ဖိုးထားမှု မရှိခြင်း
ကွန်ပျူတာ ဝယ်ယူရန် ကွန်ပျူတာ အရောင်းဆိုင် တစ်ဆိုင်မှ ကွန်ပျူတာတစ်လုံး ဝယ်ယူလာသော သူငယ်ချင်းကို မေးကြည့်မိသည်။ သူဝယ်လာသည်က လက်တော့(ပ်)၊ ငါးသိန်းစွန်းစွန်း ပေးရမည် ထင်သည်။ စက်ကို ဖွင့်ကြည့်လိုက်သောအခါ ဆိုင်မှ ကြိုတင် ထည့်သွင်း ပေးလိုက်သော ဆော့(ဖ်)ဝဲများမှာ သိုလှောင်နိုင်စွမ်း ပမာဏ ကြီးမားလွန်းသော ဟတ်ဒစ်(ခ်)နှင့် လိုက်ဖက် ညီစေရန် ရှိသမျှအကုန် ထည့်ပေးလိုက်ဟန် တူသည်။ တစ်ခွေ တစ်ထောင်ခန့်ဖြင့် ဝယ်ယူရရှိနိုင်သော အနေအထား ဖြစ်သည်နှင့် အညီ စေတနာ ဘလပွနှင့် ထည့်ပေးနိုင်ကြခြင်း ဖြစ်သည်။ သူငယ်ချင်းကို အဆိုပါ ဆော့(ဖ်)ဝဲများ၏ တန်ဖိုးကို ကာလ ပေါက်ဈေးနှင့် တွက်ချက်ကြည့်လျှင် ဒေါ်လာ တစ်သောင်းနီးပါ ရှိနိုင်ကြောင်း ပြောပြတော့ သူငယ်ချင်းက မင်းဟာက ဟုတ်ပမလားကွဟု ပြန်မေးသည်။ သူငယ်ချင်းက လက်တွေ့သမား အင်တာနက်ကိုဖွင့် ဆော့(ဖ်)ဝဲများ၏ ဈေးနှုန်းကို တစ်ခုခြင်း တွက်ချက်သည်။ နောက်ဆုံး တွက်လို့ရလာသော ဈေးနှုန်းကို ကြည့်ပြီး အဘား အဘား အော်သွားသည်။ သူငယ်ချင်းက အဲဒီတွေသာ ဝယ်မှ ကွန်ပျူတာ ကိုင်ရမယ်ဆိုရင် ငါတို့ ကွန်ပျူတာ ကိုင်နိုင်တော့မှာ မဟုတ်ဘူးဟု ပြောသည်။ ကျွန်တော်လဲ အများညီ ဤက ကျွဲ ဖြစ်နေသော ကာလတွင် မည်သို့ အကြံပေးရမည်မသိ။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းကို တန်ဖိုးထားမှုအပိုင်းတွင် အင်မတန် အားနည်းကြောင်း တွေ့ရပေသည်။ အကောင်အထည် ရှိနိုင်သော ပစ္စည်းတစ်ခုကို ခိုးယူလိုက်သည့် အတွက် ခိုးမှုမြောက်ကြောင်း လက်ခံနိုင်ကြသော်လဲ သူတစ်ပါး ဖန်တီးထားသော ဉာဏပစ္စည်းကို ခိုးယူခြင်းမှာ ခိုးမှု မမြောက်ဟု ယူဆသူများပင် ဒုနဲ့ဒေးရှိနေပြီး သိရက်နဲ့ ခိုးကြသည်။ နောက်ဆုံး ခိုးမှန်း မသိပဲ ခိုးနေကြသော အဆင့်ကို ရောက်နေပြီဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသော အနေအထားသည် နည်းပညာ ထုတ်ကုန်များ၊ ဉာဏပစ္စည်းဆိုင်ရာ ထုတ်ကုန်များ တိုးတက်ဖွံ့ဖြိုးစေရန် အကြီးမားဆုံးသော အတားအစီး တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါပေသည်။ ဉာဏပစ္စည်း တစ်ခုကို ထုတ်သည့်အခါ ကြာမြင့်သည့် အချိန်က ၁ လထား ခိုးကူးမှာ စိုးရိမ်သည့် အတွက် တားရစီးရသည့် အချိန် ခြောက်လခန့် ကြာမြင့်နိုင်သည်။
ကွန်ပျူတာ နည်းပညာဆိုင်ရာ ရှေ့ဆောင်ကုမ္ပဏီကြီးများ အနေနှင့်လဲ သူတို့ ထုတ်ကုန်များသည် အသုံးပြုသူများနှင့် တိုက်ရိုက်ထိတွေ့ ရောင်းချလေ့ရှိသဖြင့် ခိုးကူးစရာ အကြောင်း မရှိသော်လဲ ပြင်ပမှ ထိုးဖောက်ဝင်ရောက် လိုသူများ၏ ဈေးကွက်အတွက် ထည့်သွင်း စဉ်းစားဖို့ လိုပေသည်။ ခိုးကူးများ ဆက်လက်ရှိနေလျှင် ပြင်ပမှ ယှဉ်ပြိုင်နိုင်စွမ်းမဲ့နေမည် ဆိုသည့် အချက်အပေါ် အခွင့်ကောင်း ယူနေလျှင် အမှန်တကယ် နိုင်ငံတကာမှ ယှဉ်ပြိုင်ဖက်များ ဝင်လာသောအခါ ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ နိုင်ငံ အနေအထားအရ နည်းပညာကို အပြသက်သက် အလှသက်သက် သွားနေသည့် ကာလတွင် မသိသာသော်လဲ နိုင်ငံက တိုးတက်မှုကို ရှေးရှုချီတက်တော့မည်ဆိုလျှင် ပြည်တွင်း ယှဉ်ပြိုင်နိုင်စွမ်း မဲ့နေခြင်း၏ ဒါဏ်ကို အလူးအလဲ ခံရဖို့ရှိနေသည်။
ထိုကဲ့သို့ ဉာဏပစ္စည်းဆိုင်ရာ တန်ဖိုးထားမှုအပိုင်း မြင့်တက်လာစေရန် နည်းလမ်းနှစ်သွယ်ဖြင့် အကောင်အထည် ဖော်မှ ရမည့် အနေအထားတွင် ရှိသည်။ တစ်နည်းမှာ ဥပဒေများ ထုတ်ဆင့် ပြဋ္ဌာန်းခြင်း၊ တစ်နည်းမှာ တန်ဖိုးထားမှု မြင့်တက်စေရန် ပညာပေး အစီအစဉ်များဖြင့် မြှင့်တင်ခြင်း ဖြစ်သည်။ ဉာဏပစ္စည်း ထုတ်ကုန်များနှင့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် နိုင်ငံတကာ အနေအထားအရ ကြိုတင် သတ်မှတ် ပြဋ္ဌာန်းသည့် အလေ့အထရှိသည်။ ထုတ်ကုန်များ ထွက်လာမှ စည်ပင်လာမှ ဥပဒေများ ထုတ်မည်ဆိုသည့် အမြင်ဖြင့် မချဉ်းကပ်ကြချေ။ ကြိုတင်ကာကွယ်ပေးဖို့ လိုအပ်သည့် အတိုင်းအတာ အနေအထား မြင့်မားသည့် အနေအထားကြောင့် ဖြစ်သည်။ ကြိုမကာပါက ထွက်မလာနိုင်၊ ကြိုကာမှသာ ထွက်လာနိုင်သော အနေအထားဟု ဆိုရမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံအနေဖြင့် ခိုးမှန်းမသိ ခိုးနေသော အလေ့အထ တစ်ခုလုံးကို ပြုပြင်ပြီး ခိုးမှန်းသိအောင်၊ ခိုးရသည်ကို ရှက်တတ်လာအောင် ရှက်ရာမှတစ်ဆင့် ခိုးမှုကို ရှောင်ရှားနိုင်အောင် စသည်ဖြင့် အဆင့်ဆင့် ပညာပေး အစီအစဉ်များ ချမှတ် ဆောင်ရွက် သင့်ပေသည်။
ဆက်ပါဦးမည် …
No comments:
Post a Comment