Sunday, September 2, 2012

မြန်မာနိုင်ငံနှင့် အိုင်တီကဏ္ဍ အပိုင်း (၂)

မြန်မာနိုင်ငံနှင့် အိုင်တီကဏ္ဍဆောင်းပါးကို နှစ်ပိုင်းခွဲပြီးရေးဖို့ စိတ်ကူးပါသည်။ ပထမပိုင်းက ကွန်ပျူတာနှင့် လက်တွေ့နယ်ပယ် အစပ်အဟပ် ကွာဟရသည့် အကြောင်းအရင်းများ ဆိုသည့် အပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ပြုပြင် ပြောင်းလဲသင့်သည်များဆိုသည့် အပိုင်းဖြစ်သည်။ ယခုအပိုင်းသည် ကွန်ပျူတာနှင့် လက်တွေ့နယ်ပယ် အစပ်အဟပ် ကွာဟရသည့် အကြောင်းအရင်းများ၏ အဆက်ဖြစ်သည်။ အခုမှ စဖတ်မည့်သူများအတွက် အရင်အပိုင်းကို ပြန်ညွှန်းလိုပါသည်။

ပညာရေးကဏ္ဍ၏ အားနည်းချက်များ
အိုင်တီ အသုံးချကဏ္ဍနှင့် ပညာရေးကဏ္ဍသည် အလွန်အရေးပါသော အတွဲအစပ်တစ်ခု ဖြစ်ပေသည်။ အိုင်တီကို လက်တွေ့နယ်ပယ်တွင် အသုံးမတွင် အရာမရောက်ရခြင်း အဓိက အတားအစီးတစ်ခု အဖြစ် ပညာရေး ကဏ္ဍ၏ အားနည်းချက်များ ဆိုသည့်အချက်ကို တွေ့နိုင်ပေသည်။ ငယ်စဉ်ကတည်းက အလွတ်ကျက်လာသော အလေ့အထနှင့် ယဉ်ပါးလာသည်နှင့်အမျှ လက်တွေ့ လုပ်ငန်းခွင်တွင် အိုင်တီကို ပေါင်းစပ်အသုံးချနိုင်ရန် ခက်ခဲ့သထက် ခက်ခဲလာခဲ့သည်။ အိုင်တီသည် သူ့ချည်းသီးသန့် အသုံးမပြုနိုင်။ တစ်ခုခုနှင့် ပေါင်းစပ်ပါမှ ထိရောက်သော အဆင့်ကို ရောက်နိုင်သည်။ ထိုသို့ ပေါင်းစပ်နိုင်စေရန် သမာရိုးကျ နည်းလမ်းများနှင့် ချဉ်းကပ်၍မရ ဉာဏ်ကစားဖို့ လိုသည်။ ဉာဏ်များဖို့လိုသည်။ လမ်းဟောင်းအတိုင်း လိုက်၍မရ လမ်းသစ်ဖောက်ဖို့ လိုသည်။
သို့သော် လက်တွေ့အနေအထားအရ ဒီပုတ်ထဲက ထွက်လာသော ပဲများသည် ဒီပဲများသာ ဖြစ်နေသည်။ အလွတ်ကျက်လျှင် လွယ်သလောက် စဉ်းစားပါဆိုလျှင် အဆင်မပြေတော့။ တစ်ချို့တစ်လေသာ လူစွမ်းကောင်းအဖြစ် ထွက်ပေါ်လာပြီး အိုင်တီ နယ်ပယ်တွင် ထူးချွန်နိုင်ကြသည်။ သူတို့ ပင်ကိုယ်ဓာတ်ခံ ကောင်းသောကြောင့် သို့မဟုတ် မိသားစု ပတ်ဝန်းကျင် ကောင်းသောကြောင့်သာ ထိုကဲ့သို့ ထိုးထွက်လာနိုင်ကြခြင်း ဖြစ်သည်။ အမှန်တကယ် လက်တွေ့တွင် စဉ်းစားတွေးခေါ်ခြင်းသည် မွေးရာပါ အစွမ်းသတ္တိမဟုတ်၊ အလေ့အကျင့်ပြု၍ ရနိုင်သော သဘောရှိသည်။ နိုင်ငံတကာတွင် မူလတန်း အဆင့်ကတည်းက အတွေးအခေါ် ပိုင်းဆိုင်ရာတွင် ခက်ခဲသည်ဟု သတ်မှတ်ထားသော Lateral Thinking (ဖောက်ထွက် တွေးနည်း) ကိုပါ သင်ကြားပေးနေသည်။ ’ ကျွန်တော်တို့ ကျောင်း ’ ဆိုသည့် အသင့်ရေးပြီးသား စာပိုဒ်ကို အလွတ်ကျက်ခိုင်းသည်ထက် မိမိစဉ်းစားဉာဏ်ဖြင့် ဖော်ထုတ် ပြောဆိုခိုင်းသည်။ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော ပုံပြင်များကို ပြောပြစေသည်။ ထိုကဲ့သို့ အလေ့အကျင့် ပြုပေးနိုင်ပါလျှက် အလေ့အကျင့် နည်းခဲ့သည့်အတွက် လေ့ကျင့်ပေးသင့်သည်ကို မလေ့ကျင့် ပေးခဲ့သည့်အတွက် ဆယ်တန်းအောင်မှ ပင်ပန်းကြီးစွာ ပြန်လည်ကြိုးစား အားထုတ်ကြရသည်။
တစ်ခါက သူငယ်ချင်းတစ်ယောက် ရေးဖူးသော ပရိုဂရမ် အရေးကောင်းသူ တစ်ယောက်ဖြစ်ဖို့ အချိန်မည်မျှ ကြာမည်နည်းဆိုသည့် အချက်ကို အမှတ်ရမိသည်။ ကျော်ဟိန်းပြောသလို ဆယ်နှစ် ဆယ်နှစ် ခန့်ကြာကြောင်း တွေ့ရှိရသည်ဆိုသည်။ ထိုကဲ့သို့ ဆယ်နှစ်ခန့် အချိန်ပေးကြရခြင်းသည် မြန်မာနိုင်ငံသား ဖြစ်နေ၍မဟုတ် မည်သည့်နိုင်ငံသားမဆို ထိုကဲ့သို့ လေ့ကျင့် လုပ်ကိုင်ကြရကြောင်း စစ်တမ်းများအရ သိရသည်ဆိုသည်။ ထိုကဲ့သို့ ဆယ်နှစ်ခန့် ကြာမြင့်မည့် အချိန်၏ တစ်ဝက်ကျော်ကျော်ခန့်ကို အခြားနိုင်ငံ များတွင် မည်သို့လျော့ချကြသနည်း။ အဓိက လျော့ချသည့် နည်းလမ်းမှာ အခြေခံပညာကျောင်းများတွင် ငယ်စဉ်ကတည်းက တတ်သင့်သည်များကို ကြိုတင် သင်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အခြေခံပညာရေးတွင် သင်ပေးလိုက်ခြင်းအားဖြင့် (၈)နှစ်ခန့်ကို လျော့ချလိုက်နိုင်ပြီး ကျန်သည့် နှစ်နှစ်တွင် အိုင်တီ အသုံးချနယ်ပယ်ကို ဝင်ရောက်နိုင်သည်။ ထိုကဲ့သို့ စီစဉ် ဆောင်ရွက်မှုများကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် နည်းပညာ နယ်ပယ်တွင် ဘီလီယံနာ၊ မီလီယံနာ ဖြစ်နိုင်စွမ်း ရှိနေကြခြင်း ဖြစ်သည်။

ကျွန်တော် ဟိုယခင်က ဆောင်းပါးတစ်ပုဒ် ရေးဖူးပါသည်။ ကွန်ပျူတာ ပရိုဂရမ်ရေးသားခြင်း ဘာသာရပ်သည် ဈေးအပေါဆုံး စဉ်းစားတွေးခေါ်မှု သင်ထောက်ကူပစ္စည်းဖြစ်သည်ဟု။ ကျန်သည့် သင်ထောက်ကူ ပစ္စည်းများအနေဖြင့် စမ်းသပ်ခန်း၊ ပစ္စည်းကိရိယာ စသည်ဖြင့် လိုအပ်ချက်များ ရှိနေမည် ဖြစ်သော်လဲ ကွန်ပျူတာ ပရိုဂရမ်ရေးသားခြင်းအတွက် လိုအပ်သည်က စာအုပ်တစ်အုပ်နှင့် ခဲတံတစ်ချောင်းသာ လိုအပ်သည်။ ကွန်ပျူတာကိုင်နိုင်သော အဆင့်တွင် ကွန်ပျူတာ သုံးပြီး ပရိုဂရမ်ရေးသင့်သော်လဲ အမှန်တကယ်တွင် စာအုပ်နှင့် ခဲတံ အဆင့်နှင့်ပင် အများကြီး သင်နိုင်စွမ်း၊ စဉ်းစားဉာဏ်ကို မောင်းနှင်နိုင်စွမ်း ရှိသည်။ ကွန်ပျူတာ ပရိုဂရမ်ရေးသားနည်း ဘာသာရပ်သည် ကွန်ပျူတာနှင့် အသက်မွေးဝမ်းကျောင်းပြုသူ မဟုတ်လျှင်လဲ စဉ်းစားဉာဏ် ရင့်သန်စေရန် သင်ယူသင့်သော ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ပြီး နိုင်ငံခြား တိုင်းပြည်များတွင် သင်ရိုးညွှန်းတမ်း အနေဖြင့် ပြဋ္ဌာန်းသင်ကြားလျှက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ နိုင်ငံအနေဖြင့် ပညာရေးဆိုင်ရာ အားနည်းချက်များကို အချိန်မှီပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်လျှင် အလွတ်ကျက်သည့် စနစ်ဖြင့်သာ ဆက်သွားနေလျှင် အိုင်တီကဏ္ဍနှင့် လက်တွေ့ အသုံးချမှုကဏ္ဍ ဆက်လက် အစပ်အဟပ် ကွာဟလျှက် ရှိဦးမည် ဖြစ်ကြောင်း သုံးသပ်ရပေသည်။
မြန်မာပြည် အင်တာနက် ပြသနာ
လွန်ခဲ့သော ၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး အင်တာနက် စသုံးဖြစ်သည်။ ထိုအချိန်က တယ်လီဖုန်းလိုင်းဖြင့် ချိတ်ဆက်ရသည့် အေဒီအက်(စ်)အယ် ဆိုတဲ့ အင်တာနက်။ လိုချင်လွန်းသဖြင့် လျှောက်လွှာလေး သွားတင် ကျတော့မလား၊ ကျတော့မလားနှင့် အချိန်အတော်ကြာ စောင့်ဆိုင်းလိုက်ရသည်။ နောက်ဆုံး ကျလာတော့ မှတ်မှတ်ရရ ဖုန်းလိုင်းတစ်ခုလုံး အသစ်လဲလိုက်ရပြီး မိုဒမ်းလာတပ်သွားသည့် ဆရာသမားများအား နှစ်သောင်းခန့် ကန်တော့လိုက်ရသည်ကို အမှတ်ရသည်။ ထိုအချိန်မှ စ၍ ညံ့ဖျင်းလွန်းသော ဝန်ဆောင်မှုကို စတင်ထိတွေ့ မိသည်။ တစ်ခုခုပျက်လျှင် အချိန်အတော်ကြာကြာအထိ စောင့်ဆိုင်းရသည်။ ကိုယ့်ဆီက မိုဒမ်း ပျက်သလို၊ သူတို့ဆီ ဒစ်(စ်)လန်ပဲ ပျက်သလိုလို၊ မည်သည့်အကြောင်းကြောင့် ပျက်ပျက် လကုန်လျှင်တော့ ပိုက်ဆံ အပြည့်ယူတာ မှတ်မိသည်။ တစ်လကဆိုလျှင် ဖိုက်ဘာလိုင်း ပျက်သွား၍ဟု ဆိုကာ တစ်လလုံး သုံးရသည့်ရက် အနည်းငယ်သာ ရှိခဲ့ပါသော်လဲ ပိုက်ဆံအပြည့်သာ သွင်းရသည်။ အနည်းငယ် စိုးစဉ်းမျှ အရေးမဆိုရဲ၊ တော်ကြာ အမြင်ကပ် ပုဒ်မနှင့် ကိုယ့်အတွက် ကွန်နက်ရှင်ကို ဖြတ်ထားလိုက်မှ ဟုတ်ပေ့ ဖြစ်နေမည်။
နောက်ပိုင်းကာလများတွင် အိုင်ပီစတား၊ ဘရော့ဘန်း အင်တာနက် စသည်ဖြင့် မျိုးစုံကြားလာရသော်လဲ မည်သူမျှ ပြောထားသည့်အတိုင်း အမြန်နှုန်းမရကြ၊ ပလင်မျိုးစုံတပ်ပြီး ငွေကို ပုံစံမျိုးစုံ ယူကြသော်လဲ အမှန်တကယ် ပြန်ရသည်က မတန်၊ ကိုယ်ကလဲ အင်တာနက်နဲ့ အဆက်မပြတ်နိုင်၊ အင်တာနက် ဗဟု သုတဘဏ်တိုက်ကြီးနှင့် တစ်ရက်ကလေးမှပင် အဆက်မပြတ်နိုင်သော အဖြစ်ကြောင့် မချစ်သော်လဲ အောင့်ခါနမ်း လစဉ် ပုံမှန် အက်အီးစီလေး သွားဝယ်၊ အခွန်ဆောင်နှင် သုံးရသည်။ အခွန်ဆောင်သည့် နေရာတွင် ကပ်ထားသည့် စာရွက်များကို အားကိုးတကြီး ဖတ်ကြည့်မိသည်။ ထင်မှတ်ထားသည်က စားသုံးသူအခွင့်အရေးအတွက် အကာအကွယ်ပေးမည်ဟု ထင်ထားသော်လဲ လက်တွေ့တွင် ထိုသို့မဟုတ်။ ချိန်းခြောက်ထားသည့် စာများသာဖြစ်နေသည်။
အင်တာနက်သည် သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လွန်းသည်။ ထိုကဲ့သို့ မြန်ဆန်လွန်းသည်နှင့် အညီ ဟုတ်တာရော၊ မဟုတ်တာရော အလွန်လျှင်မြန်စွာ ပြန့်နှံ့သွားနိုင်ပေသည်။ မှန်ပါသည်။ သို့သော် အခြားတစ်ဖက်တွင် အလွန်အရေးပါသော အင်တာနက်ဆိုင်ရာ အခွင့်အလမ်းကလဲ ရှိနေပေသည်။ အဆိုပါ အခွင့်အလမ်းမှာ အခြားမဟုတ် အင်တာနက်သည် ကွန်ပျူတာနှင့် လက်တွေ့နယ်ပယ်ကို အရှိန်အဟုန် အလွန်မြင့်မားစွာ ပေါင်းစပ် ပေးနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ အင်တာနက်မှ တစ်ဆင့် ဈေးဝယ်ကြသည်၊ အင်တာနက်မှ သတင်း အချက်အလက် ရှာဖွေကြသည်။ အင်တာနက်မှ ဗဟုသုတ ရှာမှီးကြသည်။ ကမ္ဘာကြီး၏ ဒုတိယလူမှုအဖွဲ့အစည်းဟု တင်စားကြသော လူမှုကွန်ယက်များတွင် ပါဝင်ပတ်သက် လှုပ်ရှားကြသည်။ မိမိသိချင်သော အရာ မိမိသိလိုသော လူ အလွယ်တကူ ရှာဖွေနိုင်ကြသည်။ အင်တာနက်၏ သတင်းအချက်အလက် အမြန်လမ်းမနှင့် အခွင့်အလမ်းများသည် နိုင်ငံတကာတွင် တင်စားခေါ်ဝေါ်ကြသော တတိယလှိုင်းဟူသည့် အိုင်တီခေတ်တစ်ခုကို ပုံသွင်းထုဆစ်နိုင်စွမ်း ရှိပေသည်။
အဆိုပါ အခွင့်အလမ်းများ အားလုံးသည် အင်တာနက် အမြန်နှုန်းဟူသော စွမ်းဆောင်ရည်အပေါ်တွင် တိုက်ရိုက်အချိုးကျ ပတ်သက်နေသည်။ အင်တာနက် မြန်နှုန်း နှေးလျှင် အခွင့်အလမ်း နည်းမည်။ မြန်နှုန်းမြင့်လျှင် အခွင့်အလမ်းများလာမည်။ ထို့ပြင် လူသုံးနည်းခြင်း များခြင်းသည်လဲ ထိုကဲ့သို့ အင်တာနက်ဆိုင်ရာ အခွင့်အလမ်းများနှင့် တွဲစပ်နေပေသည်။
မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသော အားနည်းချက်တစ်ခုမှာ ယှဉ်ပြိုင်ဖက် ကင်းမဲ့နေခြင်း ဖြစ်သည်။ Privatization (ပြည်သူပိုင်း သိမ်းထားသည်များကို ပုဂ္ဂလိကပိုင် ပြန်ပြုခြင်း) အတွက် အခုအခံ အများဆုံးရှိမည့် နေရာသည် အဆိုပါ ဆက်သွယ်ရေးအပိုင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။ infrastructure များ ကြီးမားစွာ တည်ဆောက်ထားသည့် နိုင်ငံပိုင် လုပ်ငန်းတစ်ခု အနေဖြင့် ယှဉ်ပြိုင်ဖက် ပုံစံ၊ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည့် ပုံစံသို့ ပြောင်းလဲနိုင်ရန် အင်မတန် ခက်ခဲမည် ဖြစ်သည်။ သို့သော် စားသုံးသူအခွင့်အရေးသည် စားသုံးသူ အခွင့်အရေးသာ ဖြစ်သည်။ ပေးတာနှင့် တန်အောင် ပြန်လိုချင်သည်မှာ တရားမျှတသလို ယူထားသည့်အတိုင်း ပေးရမည်မှာလဲ ဝန်ဆောင်မှု ပေးသူ၏ တာဝန်ဖြစ်သည်။ ခေတ်ပြောင်း စနစ်ပြောင်းဖြစ်သည်နှင့်အညီ အရင်လို အချိုးအတိုင်း ပေးတာယူ ကျွေးတာစား စောတကမတက်နှင့်ဟု ရေရှည်တွင် ပြောလို့ရတော့မည် မဟုတ်။
နောက် အင်တာနက်ဝန်ဆောင်မှု ပေးသူများဖက်မှ အမြင်တစ်ခုရှိသေးသည်။ လူသုံးနည်းခြင်းကြောင့် ဈေးကြီးမြင့်ရခြင်းဖြစ်သည် ဆိုသောအမြင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးသထက်တိုးလာခြင်းသာရှိသည်။ လျော့သွားခြင်းမရှိ၊ ဈေးကွက်သဘောတရားအရ ထိုကဲ့သို့ တိုးသထက်တိုးလားခြင်း၏ ရလဒ်မှာ ဈေးနှုန်းများ ကျသထက်ကျသွားဖို့ ဖြစ်သည်။ သို့သော် ထိုသို့မဟုတ် bandwidth အပေါ် အခြေခံထားသည့် ဈေးနှုန်းပုံစံများ ထွက်ပေါ်လာပြီး ဈေးနှုန်းက ကြီးသထက် ကြီးလာသည်ဟု ဆိုနိုင်သည်။ ဝန်ဆောင်မှုကလဲ ညံ့သထက်ညံ့လာပေသည်။ တစ်ခုတည်း ရှိသည့်အတွက် ဒီတစ်ခုမှလွဲရင် ရွေးစရာ မရှိသည့်အတွက် ခံစားရသည့် ဒါဏ်က အတော်လေးကို ဆိုးသည်ဟု ဆိုနိုင်သည်။ ဈေးကြီးလဲ ဒါမှမသုံးရင် သုံးစရာမရှိဆိုတော့ ကြိတ်မှိတ်သုံးကြရသည်။ ဟိုလိုပုံစုံဆို ဟိုလိုပုံစံအတိုင်း အလိမ်ခံလိုက်၊ ဒီလိုပုံစံဆို ဒီလိုပုံစံအတိုင်း အလိမ်ခံလိုက်နှင့် လုံးချာလည် လိုက်နေကြရသည်။ သူတို့ရောင်းကောင်းစေချင်သော တယ်လီဖုန်းတွင်မတော့ အင်တာနက်လိုင်းများကို မြန်အောင်လုပ်ထားပြီး ဂရုစိုက်စရာမလို အရင်အတိုင်း ကြိတ်ခံကြရမည့် သူများကိုတော့ ဖြစ်ချင်သလိုဖြစ် ပစ်ထားသည်။
အင်တာနက် ဝန်ဆောင်မှုတွင် ဘက်လိုက်သည့် အနေအထားများကလဲ ရှိသေးည်။ Myanmar Info Tech ဟု အမည်ရသော နောက်ပေါက်နည်းပညာ  သမားများအတွက် ဝင်စရာ နေရာမရှိသော၊ အခြားအခြားသော နည်းပညာနှင့် မဆိုင်သည့် စီးပွားရေး လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်လျှက်ရှိသော ICT Park တွင် အင်တာနက် အမြန်နှုန်းများ ကောင်းမွန်နေပြီး ပိုက်ဆံပေးရတာခြင်း အတူတူ အခွင့်ထူးခံ လူတန်းစားများ အဖြစ် မျက်နှာလိုက်ထားသေးသည်။ ငွေကိုမလို ရွှေကိုမလို ရာထူးကြီးကြီးမလို အင်တာနက်သာ ကောင်းရန် လိုသည်ဟူသော သူငယ်ချင်းတစ်ယောက် ပြောဘူးသည့် စကားကို အမှတ်ရမိသည်။ အင်တာနက် အမြန်နှုန်း ကောင်းကောင်းသာရှိ ဘယ်နေရာမှာဖြစ်ဖြစ် လုပ်နိုင်သည်။ အင်တာနက် အမြန်နှုန်းက ကောင်းလာပြီး လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သော ဝန်းကျင်သာရှိ နိုင်ငံခြားက ပြန်လာမည့် နည်းပညာရှင်တွေ အများကြီးရှိနိုင်သည်။ အဲဒီလို ပြန်လာကြမှာ စိုးသည့်အတွက် ပိတ်ထားသည်လား မသိ။ ဟိုယခင်က လူတိုင်း ကွန်ပျူတာကိုင်နိုင်သော အဆင့်တစ်ခုကို မျှော်မှန်းခဲ့ကြသည်။ ယခုခေတ်တွင် မတော့ လူတိုင်းအင်တာနက် သုံးနိုင်သော အဆင့်တစ်ခုကို မျှော်မှန်းကြရမည်ဖြစ်သည်။ သို့သော် ယခုအတိုင်း ညာနေဦးမည်၊ ဈေးကြီးနေဦးမည်၊ ယှဉ်ပြိုင်မှုမဲ့ပြီး လက်ဝေခံလက်ဝါးကြီး အုပ်နေဦးမည်၊ ဝန်ဆောင်မှု ညံ့ဖျင်းနေဦးမည်ဆိုလျှင် ကွန်ပျူတာနှင့် လက်တွေ့နယ်ပယ် အစပ်အဟပ်မမိ၊ အားလုံး ဒုံရင်းက ဒုံရင်း ဖြစ်နေဦးမည် ဖြစ်ကြောင်း သုံးသပ်ရပေသည်။
လေးစားစွာဖြင့်
သီဟ (Myanmar Links)
(Credit to: သီဟ (Myanmar Links))


No comments:

Post a Comment