မြန်မာ့နိုင်ငံရေး အပြောင်းအလဲများသည် မျက်စိတစ်မှိတ် လျှက်တပျက်အတွင်း မယုံနိုင်စရာ အံ့ဩစရာ ကောင်းလောက်အောင် ပြောင်းလဲနေပေသည်။ မည်သူမှ မှတ်ထင်မထားသော အရွေ့များသည် တစ်ခုပြီးတစ်ခု၊ သမ္မတကြီးနှင့် အမေစု ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု မှသည် အခုနောက်ဆုံး အစိုးရဝန်ကြီးများ အပြောင်းအလဲ ဖြစ်စဉ်အထိ အချိန်ကာလကို တိုင်းတာကြည့်လျှင် အံ့ဩစရာ ကောင်းလောက်အောင် တိုးတောင်းနေသည်။ ယခင်က ပြောင်းလဲမှုများကို မျက်ကွယ်ပြုထားသည့် အနေအထားတွင် နှစ်ပေါင်းမြောင်းများစွာ နေခဲ့ရသည်။ ယခုတော့ အပြောင်းအလဲကို လစ်လျူရှုထားသည့် အဖွဲ့ထဲမှ ထွက်လာသည့်သူက အပြောင်းအလဲကို အချိန်အနည်းငယ် အတွင်းမှာပင် တစ်ခုပြီးတစ်ခု ပြုလုပ်နေပေသည်။
ကျွန်တော်က နည်းပညာသမား၊ နိုင်ငံရေးအပြောင်းအလဲများကို မျက်ခြေမပြတ်သလို နည်းပညာနယ်ပယ်အတွက် ဖြစ်လာနိုင်သည့် အပြောင်းအလဲများအပေါ်လဲ အားမလို အားမရမှု များစွာဖြင့် စောင့်ကြည့်နေရသူ ဖြစ်သည်။ ရှေ့ပိုင်း အပြောင်းအလဲများတွင် ကျွန်တော်တို့ နည်းပညာ သမားများအတွက် ပြောပလောက်အောင် ထိရောက်သော အပြောင်းအလဲများ နည်းပါးခဲ့သည်။ သို့သော် အခုနောက်ဆုံး ဖြစ်ထွန်းလာသော အပြောင်းအလဲများတွင် နည်းပညာသမားများအတွက် အရေးပါသော အပြောင်းအလဲများကို တစ်ပါတည်း ဆောင်ယူ လာပေသည်။ အဆိုပါ အပြောင်းအလဲများကို လေ့လာကြည့်မည်ဆိုလျှင်
Center of Excellent ဆိုသည်မှာ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်တို့ကို Center of Excellent အဖြစ် သတ်မှတ်ပြီး ခေတ်မှီသော သင်ရိုးညွှန်းတမ်းအသစ်များ၊ သင်ကြားနည်း အသစ်များနှင့် ပြန်လည်ဖွင့်လှစ် မည့် အစီအစဉ်ဖြစ်သည်။ အရေအတွက်မှ အရည်အချင်းသို့ ချဉ်းကပ်လာသည့် သဘောဖြစ်သည့် အတွက် ယေဘူယျအားဖြင့် ထောက်ခံသင့်သော အနေအထားဟု ဆိုရမည် ဖြစ်သည်။
သို့သော် ယခင် အစိုးရလက်ထက်က နေရာတကာ တက္ကသိုလ်တွေ လျောက်ဖွင့် အရည်အတွက်အပေါ်မှာ ချဉ်းကပ်ခဲ့သည့် ဒါဏ်ချက်က အခုအချိန်တွင် ပြန်လည် ထိခိုက် ခံစား လာရနိုင်သည်။ ခွဲခြားခံရသည်ဟု မြင်လာနိုင်သည်။ သို့သော် အမှန်တကယ် တတ်နိုင်သည့် အနေအထားက တစ်ခုနှစ်ခုသာ။ ဒီတော့ တစ်ခုနှစ်ခုကို ကောင်းအောင် အရင်လုပ်၊ နောက်မှ တစ်ဆင့်ပြီးတစ်ဆင့် ကောင်းအောင် လုပ်သွားရမည့် သဘော ဖြစ်နေသည့်အတွက် ဒီလမ်းမှလွဲ၍ ရွေးစရာ မရှိဟု ဆိုရမည်ဖြစ်သည်။
ထို့ပြင် အဆင့်မြင့် တက္ကသိုလ်ကို တက်ရောက်လာမည့် ကျောင်းသားများသည် အခြေခံ ပညာအဆင့်တွင် တီထွင်စိတ် တီထွင်တွေး တွေးတတ်အောင် မည်မျှအထိ မောင်းနှင်ခဲ့သည် ဆိုသည့် အချက်သည်လဲ ထည့်သွင်း စဉ်းစားရမည့် အချက် ဖြစ်နေပေသည်။ တကယ်တန်း ထူးချွန်သော နည်းပညာ တီထွင်ရေး သမားများသည် အများအားဖြင့် ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင် လာခဲ့ကြသူများ ဖြစ်ကြောင်း တွေ့ရပေသည်။ Center of Excellent များသည် လူစွမ်းကောင်းများ ထွက်ပေါ်လာနိုင်ရေး အတွက်တော့ အထောက်အကူ ပြုနိုင်သည် ဆိုဦးတော့ အားလုံးကို လွှမ်းခြုံနိုင်သော တိုးတက်မှု အဆင့်ကိုတော့ မရောက်နိုင်သေးဟု ကောက်ချက်ချရမည် ဖြစ်သည်။ နည်းပညာ တိုးတက်ဖို့အတွက် တစ်နိုင်ငံလုံးမလို ဆီလီကွန် ဘယ်လီလို နေရာ သေးသေးလေးသာ လိုသည်ဟူသော အမြင်ဖြင့်တိုင်းလျှင် လူစွမ်းကောင်း တစ်ယောက်နှစ်ယောက် ထွက်လာလျှင်ပင် ကိစ္စငြိမ်းနိုင်ပေသည်။ သို့သော်လဲ သမင်မွေးရင်း ကျားစားရင်း ဆိုသည့် အနေအထား ပြန်မဖြစ်ပါစေနဲ့ဟုလဲ ဆုတောင်းရဦးမည်ဖြစ်သည်။
Service Provider များဆိုင်ရာ အပြောင်းအလဲ
မကြာသေးခင်ကာလက သတင်းစာတွင် ဆက်သွယ်ရေး နည်းပညာများနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ဖိတ်ခေါ်ကြော်ငြာချက် တစ်ခုဖတ်လိုက်ရသည်။ ထိုကြော်ငြာချက် နောက်ပိုင်းတွင် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အပြောင်းအလဲများသည် ခပ်စိတ်စိတ်ကလေး တိုးတက် ပြောင်းလဲ လာခဲ့သည်။ နဂိုရှိရင်းစွဲ စားဖားကြီးများ ပြောင်းရွေ့သွားသလို၊ စတေးခံလိုက်ရသည့် ဌာနများလဲ ရှိလာသည်။ ဥပမာ – Myanmar NLP။
နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ လက်ဝေခံ လက်ဝါးကြီးအုပ်သည့် အဆင့်မှ ကုမ္ပဏီကြီး လေးခု ယှဉ်ပြိုင်ကြမည့် အနေအထားသို့ ပြောင်းလဲလာသည်။ သို့သော် ထိုကဲ့သို့ အပြောင်းအလဲ ဖြစ်စဉ်များ အပေါ်တွင် သံသယတော့ ရှိနေသည်။ နိုင်ငံပိုင်လုပ်ငန်းကြီး တစ်ခု ထို့ပြင် infrastructure နှင့် ပတ်သက်လျှင် အကြီးဆုံး တည်ဆောက် ထားရသော အနေအထား၊ ထိုအနေအထားများကြားမှ အလှုပ်အရမ်းများမည့် အနေအထားကို အမှန်တကယ် ဝင်နိုင်ပါမည်လား။ ဝင်မည်လား ဆိုသည့် အချက်အပေါ်တွင် သံသယရှိနေခြင်းဖြစ်သည်။
မည်သို့ဆိုစေ သတင်းအချက်အလက် နည်းပညာ ဆက်သွယ်ရေး ကဏ္ဍတိုးတက်မှု အပိုင်းတွင် Service Provider များ များများရှိခြင်းက ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေပြီး ဘေးထွက် အကျိုး ရလဒ်အနေဖြင့် ဈေးနှုန်း သက်သာခြင်း၊ ဝန်ဆောင်မှု ကောင်းမွန်ခြင်း၊ အမြန်နှုန်းမြင့်မားခြင်း စသည်တို့ ရလာနိုင်သည်။ လက်ဝေခံ လက်ဝါးကြီးအုပ် အဆင့်မှ လက်ဝါးခြင်း ရိုက် လက်ဝါးကြီးအုပ် အဆင့်ကို မပြောင်းပဲ အမှန်အကန် လွတ်လပ်စွာ ယှဉ်ပြိုင်ကြသော အဆင့်ကို ရောက်ပါစေဟု ဆုတောင်းရမည် ဖြစ်သည်။
ဦးသောင်းတင်ကို ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်း
ဆရာဦးသောင်းတင်သည် ကျွန်တော့် ဆရာအရင်းမဟုတ်။ သို့သော် ဆရာနှင့် နည်းပညာ ပွဲများတွင် ဆုံတတ်သည်။ ဆရာ၏ ချိုသာသော မျက်နှာ ရင်းနှီးပွင့်လင်းသော ပုံစံကို နှစ်သက်မိသည်။ ကိုထူးမြင့်နောင်၏ ကုန်ပစ္စည်းတစ်ခု မိတ်ဆက်ပွဲတွင် ဆရာပြောသွားသော စကားများကို အမှတ်ရ နေမိသည်။ လူငယ်များအတွက် အားပေးစကားများ။ ဆရာ့လိုလူက အမှန်အတိုင်း သုံးသပ်ရသော် ဝန်ကြီးအဆင့်ဖြင့်ပင် ထိုက်တန်ပေသည်။ တစ်ခါလာလဲ စစ်တပ်ကလူ၊ တစ်ခါလာလဲ စစ်တပ်ကလူ၊ သူ့နယ်ပယ်အလိုက် ကျွမ်းကျင်မှုမရှိပဲ အုပ်ချုပ်ရေးနည်းလမ်း တစ်ခုဖြင့်သာ လိုအပ်သည်များ မှာစားနေသော လူကြီးမင်းများကို အတော်ပင် မုန်းနေသည့် ကျွန်တော့်အတွက် ဆရာ့လို လူတစ်ယောက် ထိုနေရာ ရောက်သည်ကို ဝမ်းသာမဆုံး။
သို့သော် ဆရာအတွက် စိန်ခေါ်မှု အမြောက်အများ ရှိနေပေသည်။ ဒုဝန်ကြီး တစ်ယောက် အနေဖြင့် လုပ်ပိုင်ခွင့် မည်မျှရှိမည် ဆိုသည့်အချက်အပေါ်တွင်လဲ စိုးရိမ်မိသလို။ အခြား နည်းပညာဆိုင်ရာ လိုအပ်ချက်များ အပေါ်တွင်လဲ တစ်ဖက်သပ်ချဉ်းကပ်သွားမည်ကို စိုးရိမ်မိသည်။ ဆိုလိုသည်မှာ သတင်းအချက်အလက် နည်းပညာဖက်ကို မကပ်ပဲ၊ ဆက်သွယ်ရေး နည်းပညာဖက်ကို ကပ်သွားမှာကို စိုးရိမ်သည်။ ထို့ပြင် ဆရာသည် KMD ကို ထူထောင်သူဖြစ်သည်။ ထို့ပြင် မြန်မာပြည်အတွင် ကွန်ပျူတာကို စတင် မိတ်ဆက်ခဲ့သူများထဲတွင်လဲ ပါဝင်ပေသည်။ ထို့ပြင် ကွန်ပျူတာတွင် တစ်ခါတည်း ထည့်ပေးလိုက်သော Pirate Software များကို မိတ်ဆက်ပေးခဲ့သူများတွင် ပါဝင်မည်ဟု ကျွန်တော် ခန့်မှန်းမိသည်။ ထိုကဲ့သို့ Pirate Software များကို မိတ်ဆက်ပေးသူ မဟုတ်လျှင်လဲ မသိချင်ယောင် ဆောင်နေသူ တစ်ဦး ဖြစ်နေသည်ဟု ယူဆမိသည်။ ၂၀၁၃ တွင် WIPO ကို ဝင်ကို ဝင်ရတော့မည်။ နောက်တစ်ကြိမ် နောက်ဆုတ်ခွင့် မရှိတော့။ ထို့အခါ ဖြစ်ပေါ်လာမည့် အခြေအနေများ အပေါ်တွင် ဆရာ၏ အမြင်ကို သိလိုသည်။ KMD တွင်ရောင်းချနေသော စက်များသည် pirate software များ မပါဟူသော အနေအထားကို ဖန်တီးမည်လော။ သို့မဟုတ် ဒီအတိုင်း လစ်လျူရှုထားမည်လော။ မည်သို့ဆိုစေ ဆရာဦးသောင်းတင်လို ဆရာမျိုးအတွက် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးဆိုသည့် နေရာသည် နောက်တောင် ကျနေသည်ဟု ဆိုရမည်ဖြစ်သည်။
ခင်မင်လေးစားစွာဖြင့်
သီဟ (Myanmar Links)
No comments:
Post a Comment